တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ ဗုဒ္ဓဘာသာအသင်း ချစ်ကြည်ရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး ခရီးစဉ်လာရောက်

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဘိတ်ကြားချက်အရ၊ ပေကျင်းမြို့ ဗုဒ္ဓဘာသာ အသင်း ဥက္ကဌဆရာတော် Hu Xuefeng ဦးဆောင်သော ပေကျင်းမြို့ရှိ ဘုန်းတော်ကြီးကျောင်း အသီးသီးမှ ဆရာတော်(၉)ပါးနှင့် သာသနာရေးဗျူရိုမှ အရာရှိများပါဝင်သောအဖွဲ့သည် စက်တင်ဘာ (၃)ရက်နေ့မှ (၆)ရက်နေ့အထိ၊ ရန်ကုန်မြို့သို့လာရောက်၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဖလှယ်ရေး၊ ချစ်ကြည်ရေး ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး ကိစ္စရပ်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဆရာတော်နှင့်အဖွဲ့သည်၊ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စက်တင်ဘာ (၃) ရက်နေ့ ညနေပိုင်းရောက်ရှိခဲ့ကြရာ၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းမှ အတွင်းရေးမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ကြိုဆိုခဲ့ကြသည်။
စက်တင်ဘာ(၄)ရက်နေ့ နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့သွားရောက်ကာ၊ ရန်ကုန်တိုင်းသံဃာ့နာယက ဥက္ကဌဆရာတော်၊ ရွှေတိဂုံဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တအဂ္ဂသာမိနှင့် ရွှေတိဂုံဩဝါဒါစရိယ၊ ဒွိပိဋက ဘဒ္ဒန္တနာဂိတတို့အား တွေ့ဆုံကာ၊ နှုတ်ဆက်စကားများပြောကြားခြင်း၊ ဘာသာရေးသာသနာရေးကိစ္စများ အမြင်ချင်းဖလှယ် ဆွေးနွေးခြင်း၊ အလှူငွေပေးအပ်ခြင်း၊ အပြန်အလှန်ဓမ္မပဏ္ဍာများ ဖလှယ်ခြင်းတို့ အခမ်းအနား ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဌဦးတင်ဦးမှ မိတ်ဆက်စကားပြောကြားခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်ရေး၊ အနာဂတ်သာသနာ ရေးကိစ္စရပ်များတွင် အမြင်ချင်းဖလှယ်ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးတင်ပြခဲ့ပြီး၊ ရန်ကုန်တိုင်း သံဃာ့နာယကဥက္ကဌဆရာတော် ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိမှ ရွှေတိဂုံဘုရားကြီး၏ ရာဇဝင်နှင့် သာသနာရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဧည့်သည်တော် ပေကျင်းမြို့ ဗုဒ္ဓဘာသာအသင်း ဥက္ကဌဆရာတော်မှလည်း ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြား ခဲ့ပြီး၊ နှစ်နိုင်ငံချစ်ကြည်ရေး ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များကို ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် ဧည့်သည်တော်အဖွဲ့အား ဂေါပကအဖွဲ့မှ ရွှေတိဂုံဘုရားကြီးအား လှည့်လည်ရှင်းလင်း ပြသခဲ့ကြပြီး၊ သာယာဝတီခေါင်းလောင်းကြီးတွင် နှစ်ပြည်ထောင်ချစ်ကြည်ရေး ပိုမိုခိုင်မာ အဓွန့်ရှည်ရေး၊ ဆရာတော်များက ဆုတောင်းခေါင်းလောင်းထိုးခဲ့ကြသည်။
နေ့လည်ပိုင်းတွင်၊ ဗဟန်းမြို့နယ်၊ ခြောက်ထပ်ကြီး ရွှေသာလျောင်းဘုရားကြီးအား သွားရောက်ဖူးမျှော်ကြပြီး အလှူငွေများပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ကမ္ဘာအေးရှိ အပြည်ပြည် ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်သို့သွားရောက်ကာ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္ဒဆေကိန္ဒနှင့် တာဝန်ရှိသူများကစောင့်ကြို၍၊ တက္ကသိုလ်တွင် လေ့ကျင့်သင်ကြားပေးသော၊ ဘာသာရပ်များအကြောင်း သာသနာရေးဆိုင်ရာကိစ္စရပ်များ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဧည့်သည် ဆရာတော်အဖွဲ့မှ သိလိုသည်များမေးမြန်းကာ၊ အလှူငွေများပေးအပ်ခဲ့သည်။
ညပိုင်းတွင် ဖူးကျင့်ဗုဒ္ဓဘာသာဘုံကျောင်းအသင်းမှ ရွိုင်ရယ်ဂါးဒင်းတွင် ညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ စက်တင်ဘာ(၅)ရက်နေ့ နံနက်ပိုင်း အမျိုးသားပြတိုက်သို့ သွားရောက် လေ့လာခဲ့ပြီး ဆရာတော်နှင့် ဧည့်သည်တော်အဖွဲ့၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စက်တင်ဘာ(၆)ရက်နေ့တွင် ပြန်လည်ထွက်ခွာခဲ့ရာ၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဌဦးတင်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါပို့ဆောင် နှုတ်ဆက်ဂါရဝပြုခဲ့ကြပါသည်။
ပေကျင်းမြို့ ဗုဒ္ဓဘာသာအသင်း ဥက္ကဌဆရာတော်သည် အောက်တိုဘာလတွင် တရုတ် ပြည်၌ ကျင်းပမည့် ဗုဒ္ဓညီလာခံအစည်းအဝေးအတွက်၊ တာဝန်ပေးအပ်ခံထားရကြောင်း၊ သာသနာရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဆရာတော်ကြီးများကိုလည်း ဘိတ်ကြားရန် စီစဉ်ထားရှိကြောင်း သိရှိရပါသည်။