တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ကျင်းပသည့် “2024 World Conference on Traditional Medicine” သို့ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းမှ စီစဉ်စေလွှတ်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၃)ရက်မှ (၄)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် ၂၀၂၄ခုနှစ် ကမ္ဘာလုံးဆိုင်ရာ တိုင်းရင်းဆေးပညာညီလာခံ (2024 World Conference on Traditional Medicine) အခမ်းအနားသို့ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းမှ စီစဉ်စေလွှတ်ခဲ့သည့် ဒေါက်တာမိုးခိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ကုသရေးဦိးစီးဌာန၊ ပါမောက္ခဒေါက်တာရဲမြင့်၊ ဆေးရုံအုပ်ကြီး၊ နေပြည်တော်ပြည်သူ့ ဆေးရုံကြီး (ခုတင်-၁၀၀၀)တို့နှစ်ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံမှ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေတို့ တက်ရောက်ခဲ့ပြီး၊ အပြည်ပြည်ဆိုင်ရာမှ ကျန်းမာရေးဝန်ကြီးများ၊ တိုင်းရင်းဆေးပညာရှင်ကြီးများ၊ ဖိတ်ကြား ထားသော ဆရာဝန်များ တက်ရောက်ခဲ့ကြပြီး တိုင်းရင်းဆေးဝါးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးခဲ့ကြပါသည်။
ကိုယ်စားလှယ်အဖွဲ့သည် ကျန်းမာရေးဝန်ကြီးနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်၊ ကျန်းမာရေးဝန်ကြီး၊ မစ္စတာလဲဟင်ချောင်းနှင့် သီးခြား တွေ့ဆုံ၍ နှစ်နိုင်ငံ ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မြှင့်တင်စေရန် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြပါသည်။