တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ ဗုဒ္ဓစွယ်တော်တိုက် အသစ်ပြန်လည်တည်ဆောက်ခြင်း နှစ်(၆၀)ပြည့်အခမ်းအနား

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ ဗုဒ္ဓစွယ်တော်တိုက် အသစ်ပြန်လည်တည်ဆောက်ခြင်း နှစ်(၆၀)ပြည့်အခမ်းအနားသို့ တက်ရောက်ခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ

တရုတ်ဗုဒ္ဓဘာသာအသင်းမှ ဖိတ်ကြားချက်အရ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) ဉက္ကဌ ဦးတင်ဦး တာဝန်ခံ၍ အဖွဲ့ဝင်ဆရာတော်များဖြစ်သော ရွှေတိဂုံဩဝါဒစရိယဆရာတော် ရန်ကုန်တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ ဉက္ကဌ ဒေါက်တာအဂ္ဂသာမိ၊ ရွှေပြည်သာကျောင်း ဆရာတော် ဘဒ္ဒန္တ နာဂိတနှင့် ရွှေပြည်သာကျောင်းဆရာတော် ဘဒ္ဒန္တ စန္ဒောဘာသာလင်္ကာရတို့ပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် ပေကျင်းမြို့ စွယ်တော်တိုက်အသစ် ဆောက်လုပ်ပြီးစီးခြင်း နှစ်(၆၀)ပြည့်အခမ်းအနားသို့ ၂၀၂၄ခုနှစ် ဇွန်လ (၁၈)ရက်မှ (၂၂)ရက်နေ့အထိ တက်ရောက်ပူဇော်ခဲ့ ကြပြီး ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အသင်းဒုတိယဥက္ကဌနှင့် အလုပ်အမှုဆောင်များမှ ကြိုဆိုခဲ့ကြပါသည်။

ဇွန်(၂၀)ရက်နေ့က ပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနားကို ဗုဒ္ဓဘာသာဝင် ကမ္ဘောဒီးယား၊ ကိုရီးယား၊ လာအို၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့မှ ဆရာတော် သံဃာတော်အဖွဲ့ဝင်များ အင်အား (၇၀)ခန့် တရုတ်ပြည်မှ ဗုဒ္ဓဘာသာဝင်အင်အား(၅၀၀)ခန့် တက်ရောက်ကြပါသည်။ အခမ်းအနားတွင် တရုတ်ဗုဒ္ဓဘာသာအသင်း ဒုတိယဉက္ကဌ ဗုဒ္ဓစွယ်တော်တိုက် ပဓာန နာယက ဆရာတော် Most. Ven YANJUE ဦးစီး၍ ဗုဒ္ဓစွယ်တော်အား ဘုရားအနေကဇာတင်ခြင်း၊ ကမ္ဘာမြေကြီး ငြိမ်းချမ်းရေးဆုတောင်း၊ မေတ္တာပို့သခြင်းများ ပြုလုပ်ခဲ့ပြီး ဆက်လက်၍ ဗုဒ္ဓစွယ်တော်နှင့် စပ်လျဉ်း၍ နိုင်ငံအသီးသီးမှ ဘုရားစေတီပုံတော်များ၊ ဗုဒ္ဓအဆိုအမိန့်များ ပါဝင်သော ချစ်ကြည်ရေးပြခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

၎င်းနေ့ နေ့လည်ပိုင်းတွင် ဗုဒ္ဓဘာသာနှင့် ပတ်သက်သော နှီးနှောဖလှယ်ဆွေးနွေးပွဲအား ကျင်းပခဲ့ရာ နိုင်ငံအသီးသီးမှ အဖွဲ့ခေါင်းဆောင်များက ဗုဒ္ဓဘာသာအဓွန့်ရှည် တည်တံ့ရေးအတွက် ချစ်ကြည် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံအလိုက် သာသနာရေး ဆောင်ရွက်ချက်များအား ဆွေးနွေးခဲ့ကြရာ မြန်မာကိုယ်စားလှယ်အဖွဲ့မှလည်း ဗုဒ္ဓစွယ်တော်မြတ် မြန်မာနိုင်ငံသို့ လေးကြိမ် ဒေသစာရီ ကြွချီခဲ့ပြီးဖြစ်ရာ ငါးကြိမ်မြောက် ကြွရောက်နိုင် ရေးကိုလည်း ဆွေးနွေးခဲ့ကြပါသည်။