တရုတ်ဗုဒ္ဓဘာသာအသင်း ဘိတ်ကြားချက်အရ တရုတ်ပြည် အရှေ့တောင်ပိုင်း၊ ကျဲ့ကျန်းပြည်နယ်၊ နင်ပိုမြို့၌ကျင်းပသော အထက်ပါဗုဒ္ဓညီလာခံသို့ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဌ ဦးတင်ဦးသည် အောက်တိုဘာ ၁၅ ရက်မှ ၁၇ ရက်နေ့အထိ တက်ရောက်ခဲ့ပါသည်။
အောက်တိုဘာ(၁၅)ရက်နေ့တွင် အခမ်းအနားဖွင့်ပွဲကျင်းပရာ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗုဒ္ဓဘာသာအသင်းဥက္ကဌ Most Venerable YAN JUE ၊ အစိုးရ ပေါလစ်ဗျူရိုဗဟိုကော်မတီဝင် Mr. WANG HU NING တို့နှင့် မြန်မာနိုင်ငံမှ သံဃမဟာနာယကအဖွဲ့ဥက္ကဌ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ ထိုင်း၊ ဂျပန်၊ လာအို၊ ကမ္ဘောဒီးယား၊ ယူနက်စကိုမှ အကြံပေးပုဂ္ဂိုလ်ဟောင်း Frankfurt ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပါသည်။
အစည်းအဝေးဆောင်ပုဒ်အား Hand in Hand for Coexistance (လက်ချင်းယှက်ကာ၊ အတူတစ်ကွနေကြပါစို့) ဟူသောဆောင်ပုဒ်နှင့် နိုင်ငံပေါင်း(၇၂)နိုင်ငံမှ ဗုဒ္ဓဘာသာဝင် အဖွဲ့ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ (၉၅၀)ခန့် တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေး ဖွင့်ပွဲအား တရုတ်ပြည်သို့ ဗုဒ္ဓဘာသာစတင်ရောက်ရှိလာပုံ သမိုင်းကြောင်း သရုပ်ဖော်မှတ်တမ်း ဆလိုက်ပြကွက်များနှင့် ဖွင့်ပွဲအား ခမ်းနားစွာကျင်းပခဲ့ပြီး၊ သမ္မတရှီကျင့်ဖျင်၏ ဦးဆောင် လမ်းညွှန်မှု နှင့် ဗုဒ္ဓဘာသာ ကိုးကွယ်မှုကိုအားပေး၍ ယခု(၆)ကြိမ်မြောက်အထိ အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း၊ ယနေ့ နိုင်ငံတကာအချင်းချင်း ချစ်ကြည်ရေး သဟဇာတနားလည်မှု၊ သာတူညီမျှဝေခံစားမှု၊ ဗုဒ္ဓ၏ သွန်သင်ဆုံးမမှုများကို အလေးထားလိုက်နာ ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာကြီး၏ငြိမ်းချမ်းရေးကို များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်းစသဖြင့် ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။ ဒုတိယနေ့တွင် နိုင်ငံ အလိုက်၊ အဖွဲ့များခွဲ၍ ဆရာတော်များ၊ အဖွဲ့ခေါင်းဆောင်များ၊ ပါမောက္ခများ၊ ဗုဒ္ဓဘာသာအသင်း အဖွဲ့ကိုယ်စားလှယ်များက ဗုဒ္ဓဘာသာ၏ တန်ဘိုးအနှစ်သာရများ၊ နိုင်ငံအလိုက် ထိန်းသိမ်း စောင့်ရှောက်မှုများ၊ သာသနာအရှည်ထွန်းကားပြန့်ပွားရေး လုပ်ငန်းစဉ်များကို ဆွေးနွေးမှတ်တမ်း တင်ခဲ့ကြသည်။
ကမ္ဘာ့ဗုဒ္ဓညီလာခံအား ပထမအကြိမ် ၂၀၀၆ခုနှစ်တွင် ဟန်ကျိုး၊ ဒုတိယအကြိမ် ၂၀၀၉ခုနှစ် ထိုင်ဝမ်၊ တတိယအကြိမ် ဟောင်ကောင်၊ စတုတ္ထအကြိမ် ၂၀၁၅ခုနှစ် ဝူရှီနှင့် ပဉ္စမအကြိမ်အား ၂၀၁၈ခုနှစ် ဖူကျင့်ပြည်နယ်တို့တွင် အောင်မြင်စွာကျင်းပခဲ့ကြကြောင်း သိရသည်။
ယခုဆဌမအကြိမ်မြောက် ဗုဒ္ဓညီလာခံသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဌ ဆရာတော် ဦးဆောင်သော အကျိုးတော်ဆောင် ဆရာတော်များအပါအဝင်(၉)ပါးနှင့် သာသနာရေးဝန်ကြီးဌာနမှ ဒုဝန်ကြီးနှင့်အဖွဲ့လည်း လိုက်ပါတက်ရောက်ခဲ့ကြကြောင်းနှင့် မဟနဥက္ကဌဆရာတော်ကြီးက၊ တရုတ်ပြည်တွင် စံပ္ပါယ်ကိန်းဝပ်နေသော ဗုဒ္ဓမြတ်စွယ်တော်အား မြန်မာနိုင်ငံပြည်သူအများ ဖူးမျှော် နိုင်ရေး ပံ့ပိုးကူညီပေးပါရန်၊ ယခင်က (၄)ကြိမ်တိုင်တိုင် ကြွချီလာခဲ့သည်ကိုလည်း အထူးဂုဏ်ယူပီတိ ဖြစ်ရပါကြောင်း စသည်ဖြင့် တရုတ်ဗုဒ္ဓဘာသာအသင်း ဥက္ကဌဆရာတော်ကြီးအားလည်း မေတ္တာရပ်ခံ ခဲ့ကြောင်း သိရှိရပါသည်။