မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဌနှင့်အဖွဲ့ တရုတ်ပြည် နိုင်ငံခြားတိုင်းပြည်များနှင့် ချစ်ကြည်ရေးအသင်း အစည်းအဝေးတက်ရောက်

တရုတ်ပြည် နိုင်ငံခြားတိုင်းပြည်များနှင့် ချစ်ကြည်ရေးအသင်း ဘိတ်ကြားချက်အရ၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း ဥက္ကဌ ဦးတင်ဦးနှင့် အမှုဆောင်အဖွဲ့ဝင်(၃)ဦးလိုက်ပါလျက်၊ ပေကျင်းမြို့ ချစ်ကြည်ရေးအသင်းရုံးချုပ်တွင် အောက်တိုဘာ (၉)ရက်နေ့မှ (၁၃)ရက်နေ့အထိ တက်ရောက်ခဲ့ ပါသည်။
အောက်တိုဘာ (၁၀)ရက်နေ့တွင် Chinese People’s Association for Friendship with Foreign Countries (CPAFFC) ရုံး၌ ၎င်းအသင်းတည်ထောင်ခြင်း နှစ်(၇၀)ပြည့်အခမ်းအနားနှင့် တရုတ်-အာဆီယံ ချစ်ကြည်ရေးအသင်း ခေါင်းဆောင်များ (၄)ကြိမ်မြောက် စုံညီအစည်းအ‌ဝေးများ ကျင်းပပြုလုပ်ခဲ့ကြပါသည်။ အစည်းအ‌ဝေးသို့ အာဆီယံနိုင်ငံများမှ နိုင်ငံတကာချစ်ကြည်ရေးအသင်း‌ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ တရုတ်နှင့် အာဆီယံနိုင်ငံများ ပူးပေါင်း၍ ချစ်ကြည်ရေးလုပ်ငန်းစဉ်များ တိုးတက်ဆောင်ရွက်ရန် ထုတ်ပြန်ခဲ့ပါသည်။ ကမ္ဘာတွင် တရုတ်နှင့် အာဆီယံနိုင်ငံများ၏ လူဦးရေပမာဏများပြားသည့်အလျောက် ဒေသဖွံ့ဖြိုးတိုးတက်မှု ကိစ္စများကို အစဉ်တစိုက် တက်ကြွစွာ ပူးပေါင်းကျိုးပမ်းရေး၊ အနာဂါတ်တွင် ငြိမ်းချမ်းရေးနှင့် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်လက်တွဲဆောင်ရွက်ကြရေးကိစ္စများကို အာဆီယံနိုင်ငံ ချစ်ကြည်ရေးအသင်း ဥက္ကဌများမှ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
အောက်တိုဘာ(၁၁)ရက်နေ့တွင် နိုင်ငံပေါင်း(၁၀၃)နိုင်ငံမှ နိုင်ငံတကာချစ်ကြည်ရေးအသင်း ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ အင်အား(၃၅၀)ခန့် တက်ရောက်ခဲ့ပြီး ပြည်သူ့ခန်းမတွင် နံနက်ပိုင်း၌ကျင်းပရာ သမ္မတရှီကျင့်ဖျင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံသည် နိုင်ငံတကာနှင့် ချစ်ကြည်‌ရေး၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး၊ ပြည်သူများအချင်းချင်း ချစ်ကြည်ရေးအခြေခံလျက်၊ ဖွံ့ဖြိုးတိုးတက်မှု ဘုံအကျိုးစီးပွားများ ဖော်ဆောင်ရေးနှင့် လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို အလေးထားပါကြောင်း စသဖြင့် ပြောကြား ခဲ့သည်။ အာဖရိကနိုင်ငံများကိုယ်စား သမ္မတဟောင်း၊ ထိုင်းဒုဝန်ကြီးချုပ်ဟောင်းနှင့် အမေရိကန်မှ ကိုယ်စားလှယ်တစ်ဦးတို့က တရုတ်ပြည်ထူထောင်ခြင်း (၇၅)နှစ်ပြည့် အထိန်းအမှတ်အတွက် တရုတ်ပြည်၏ ခေတ်မီနည်းပညာများအပါအဝင်၊ ကဏ္ဍပေါင်းစုံမှ တိုးတက်အောင်မြင်မှုများကို ချီးကျူးဖော်ြပပြောကြားခဲ့ကြပါသည်။
မွန်းလွဲပိုင်းတွင် ဒုသမ္မတ Mr.Yuan Mindao နှင့် CPAFFC ဥက္ကဌတို့တက်ရောက်၍ တရုတ်ပြည်သူ့ နိုင်ငံခြားတိုင်းပြည်များနှင့် ချစ်ကြည်ရေးအသင်းကြီး နှစ်(၇၀)ပြည့်အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ပြီး နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံတကာမှ ကိုယ်စားလှယ် များကို ညစာစားပွဲနှင့် ဂုဏ်ပြုဧည့်ခံခဲ့ပါသည်။ အစည်းအဝေးသို့ နိုင်ငံပေါင်း(၁၀၃)နိုင်ငံမှ သမ္မတဟောင်းများ၊ ဝန်ကြီးချုပ်ဟောင်းများနှင့် နိုင်ငံအလိုက် ချစ်ကြည်ရေးအသင်းဥက္ကဌများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ တရုတ်အာဆီယံ ချစ်ကြည်ရေးအသင်း ခေါင်းဆောင်များ (၄)ကြိမ်မြောက်အစည်းအဝေးတွင် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း ဥက္ကဌမှ နှစ်ပြည်ထောင် အကြား ချစ်ကြည်ရေးသမိုင်းမှတ်တိုင်များ ထင်ရှားခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရမှလည်း တရုတ်နိုင်ငံ ၏ One China Policy ကို အစဉ်တစိုက် ထောက်ခံရပ်တည်လျက်ရှိကြောင်း၊ ကမ္ဘာ့မျက်နှာစာတွင် လည်း တရုတ်ပြည်သည်၊ မိတ်ဆွေကောင်း ပီသစွာ မိမိတို့ဘက်တွင် ရပ်တည်ပေးလျက်ရှိသည်ကို အလေးထားပါကြောင်း၊ နယ်နိမိတ်အားဖြင့်လည်း ကီလိုမီတာ(၂၃၀၀)ခန့် ရှည်လျားထိစပ်နေကြ၍ ယဉ်ကျေးမှု၊ လူနေမှုများ၊ စီးပွားကူးလူးဆက်ဆံမှုများစွာ ပြည်သူချင်းချစ်ကြည်စွာ ဆက်ဆံလျက် ရှိကြသည်ကို တွေ့ရှိနိုင်ကြောင်း မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းအနေဖြင့်၊ ပြည်သူချင်း ချစ်ကြည်ရေး ပိုမိုခိုင်မာတိုးတက်ရေး၊ အစိုးရချင်း ဆက်ဆံရေး၌လည်း တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရေး ဆက်လက်ကျိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြ ခဲ့ပါသည်။
နိုင်ငံတကာမှ တက်ရောက်လာကြသော ကိုယ်စားလှယ်များအား ပေကျင်းမြူနီစပယ် အုပ်ချုပ်ရေးအဖွဲ့၏ မြို့သစ်ဧရိယာသစ် အကောင်အထည်ဖော်ခဲ့သည့် (၁၀)နှစ်တာအတွင်း တိုးတက် လာသော Millennium city နှင့် ယဉ်ကျေးမှု၊ အနုပညာပြခန်း၊ ပေကျင်းအရှေ့ဘက်ရှိ မဟာ တူးမြောင်းပြခန်းကြီးနှင့် တူးမြောင်းအတွင်း ရေယာဉ်များနှင့် လှည့်လည်ပြသခြင်း HEBEI ပြည်နယ် အတွင်း XIONGAN မြို့သစ် ဆောက်လုပ်တိုးတက်ပြီးစီးမှု၊ ဘေကျင်းမြို့တွင် လူဦးရေ (၂၃)သန်းခန့် ရှိလာ၍ လူနေမှုကျပ်တည်းမှုများအတွက် ဖြေရှင်းပေးရန်၊ ရုံးများအသစ် ဆောက်လုပ်ပေးရန်၊ ရည်ရွယ်ထားရှိမှုများကို ရှင်းလင်းပြသခဲ့ကြောင်း သိရှိရပါသည်။