မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မကာအို-မြန်မာ ချစ်ကြည်ရေးအသင်းတို့ လာရောက်တွေ့ဆုံ

၁။ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဌ နှင့် ဒုဥက္ကဌများ ပါဝင်သောအဖွဲ့ကို မကာအို-မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဌ Mr. Jose Wong ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့မှ UMFCCI ဧည့်ခန်းမတွင် ၂၀၂၄ နိုဝင်ဘာလ (၁၂)ရက် (၁၀၀၀)အချိန် လာရောက်၍ ဂါရဝပြု တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဥက္ကဌ ဦးတင်ဦး ဦးဆောင်သောအဖွဲ့ဝင်များ မကာအို-မြန်မာချစ်ကြည်ရေးအသင်း မှ ကိုယ်စားလှယ်အဖွဲ့ ဝင်များ တက်ရောက်ခဲ့ကြပါသည်။
၂။ ဦးစွာ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဌမှ ကြိုဆိုနှုတ်ဆက်စကား ပြောကြား ရာတွင် Mr. Jose Wong ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ကို လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ Mr. Jose Wong သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့် ၏ဇာတိ ပန်းတနော်သား တစ်ဦးဖြစ်ပြီး၊ မြန်မာအမည် ဦးရှင်း ဖြစ်ပါကြောင်း၊ မိမိနှင့် မိတ်ဟောင်း ဆွေဟောင်း များဖြစ်၍ ယခုလို ထပ်မံတွေ့ဆုံရတာကို အထူးပင်ဝမ်းသာမိပါကြောင်း၊ မိမိအနေဖြင့် နိုင်ငံ(၅) နိုင်ငံတွင် သံအမတ်ကြီးအဖြစ် (၁၃)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ရာ တရုတ်ပြည်တွင် (၄)နှစ်ခန့် တာဝန်ယူခဲ့ရပါကြောင်း ဆွေမျိုးပေါက်ဖော် ရင်းနှီးမှုများရှိပြီး မြန်မာ-တရုတ်ချစ်ကြည်ရေး အဓွန့်ရှည် တည်တံ့ရန် ပိုမိုတိုးတက်ရန် အဓိကထား ဆောင်ရွက်လျှက်ရှိပါကြောင်း၊ မိမိတို့အသင်းအနေဖြင့် စီးပွားရေးကို တိုက်ရိုက်ဆောင်ရွက်ခြင်း မရှိသော်လည်း နှစ်နိုင်ငံအစိုးရချင်း၊ ပြည်သူချင်း အကျိုးရှိနိုင် မည့်လုပ်ငန်းများကို ဆက်သွယ်ဆက်စပ်တင်ပြပေးခြင်း၊ ညှိနှိုင်းဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက် လျက်ရှိပါကြောင်း မိမိအနေဖြင့် ၂၀၂၃ စက်တင်ဘာလမှစ၍ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ရာ ယနေ့အချိန်အခါသည် အစိုးရနှစ်ရပ် စာမျက်နှာသစ်၊ ခြေလှမ်းအသစ်များဖြင့် ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်နေသည့် ထူးခြားသည့် ကာလဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
၃။ မကာအို-မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဌမှ လာမည့်နှစ်သည် မကာအို-မြန်မာချစ်ကြည်ရေး ဆောင်ရွက်မှု (၁၀)နှစ်ပြည့်မည် ဖြစ်ပါကြောင်း၊ အဆိုပါ (၁၀)နှစ်ပြည့်အခမ်းအနားကို မကာအိုတွင် ခမ်းနားစွာ ကျင်းပရန်ရှိ၍ ဥက္ကဌနှင့်အဖွဲ့ကို ဖိတ်ကြားလိုပါကြောင်း၊ မိမိတို့အသင်းသည် ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှုတို့ကို အဓိကထား ဆောင်ရွက်နေသကဲ့သို့ စီးပွားရေးလုပ်ငန်းရှင်များလည်း ပါဝင်သဖြင့် IT ကဏ္ဍ၊ ဆေးဝါးကဏ္ဍမှစ၍ နယ်ပယ်ပေါင်းစုံတွင် ရင်းနှီးမြှုပ်နှံ ပူးပေါင်းဆောင်ရွက်လို ပါကြောင်း၊ ယခုအခါ မကာအိုတွင် မြန်မာပြည်ဖွား တရုတ်(၁)သိန်းခန့်အထိရှိနေပြီး မြန်မာမှ အလုပ် လာရောက် လုပ်ကိုင်နေသူ (၅)ထောင်ခန့်နှင့် ကျောင်းလာတက်နေသူ တက္ကသိုလ်ကျောင်းသား (၂၀)ခန့် ရှိနေပါကြောင်း၊ ကျောင်းသားများကို ကူညီထောက်ပံ့မှုများ ပေးနေသကဲ့သို့ အလုပ်လာလုပ် သူများနှင့် မိမိတို့ မြန်မာနွယ်များ လာရောက်နေထိုင်သူများကိုလည်း လိုအပ်တာများ စောင့်ရှောက် ပံ့ပိုးပေးလျှက်ရှိပါကြောင်း၊ နောက်ထပ် ပညာလာရောက် သင်ကြားလိုသူများကိုလည်း ဖိတ်ခေါ်ပါ ကြောင်း၊ လိုအပ်သည်များ ကူညီပံ့ပိုးစောင့်ရှောက်ပေးမည် ဖြစ်ပါကြောင်း၊ ယခုလို လှိုက်လှဲစွာ လက်ခံတွေ့ဆုံပေးသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်း ပြောကြားခဲ့ပါသည်။
၄။ မကာအို-မြန်မာချစ်ကြည်ရေးအသင်းမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ ၄င်းတို့ လုပ်ငန်းဆောင်ရွက် နေမှုများနှင့် မြန်မာပြည်ဖွားများမှ မိမိတို့ ဇာတိရပ်ရွာရှိရာ မြန်မာနိုင်ငံသို့ လာရောက်ခွင့်ရသဖြင့် အထူး.ဝမ်းမြောက်မိပါကြောင်း၊ မြန်မာနိုင်ငံ ရေမြေသဘာဝများကို အထူးနှစ်ခြိုက် သဘောကျပါ ကြောင်း တစ်ဦးချင်း မိတ်ဆက်ပြောကြားခဲ့ကြပါသည်။
၅။ ဥက္ကဌ မှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယခုလို မိတ်ဟောင်း ဆွေဟောင်းများ ပြန်တွေ့ဆုံရသဖြင့် အထူးပင်ဝမ်းသာပီတိဖြစ်ရပါကြောင်းကို ထပ်လောင်းပြောကြား လိုပါကြောင်း မည်သည့်နေရာ ရောက်နေသည်ဖြစ်စေ သွေးကစကားပြောပါကြောင်း၊ တချို့ အနှစ်(၅၀)ကျော် ဇာတိမြေမှ ခွဲခွါသွားခဲ့သော်လည်း မြန်မာစကားကို ရေလည်အောင် ပြောနိုင်သည်ကို တွေ့ရ၊ ကြားရ ၍လည်း ပီတိဖြစ်ရပါကြောင်း၊ မကာအိုသို့ ဖိတ်ကြားသဖြင့်လည်း အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
၆။ ဆက်လက်၍ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခြင်း၊ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး တွေ့ဆုံမှုသည် (၁၁၃၀)အချိန်တွင် ပြီးဆုံးခဲ့ပါသည်။