တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ ပေကျင်းပြည်သူ့ပြည်ပနိုင်ငံများနှင့် ချစ်ကြည်ရေးအသင်းမှ ဖိတ်ကြားချက်အရ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းမှ စီစဉ်ပြိုင်ပွဲဝင်စေခဲ့သော 2024 Colourful World နိုင်ငံတကာ လူငယ်ပန်းချီဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာလူငယ်(၅)ဦး ဆုများ အသီးသီး ဆွတ်ခူးရရှိခဲ့ပါသည်။
ပြိုင်ပွဲကို ၂၀၂၄ခုနှစ် ဇူလိုင်လကတည်းကပင် စတင်ဖိတ်ကြားရေးဆွဲပေးပို့စေခဲ့ရာ နိုင်ငံပေါင်း (၆၄)နိုင်ငံမှ ကျောင်းသားကျောင်းသူပေါင်း (၅၂၀၀၀)ခန့် ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ပန်းချီကားရေးဆွဲမှုဆိုင်ရာ အတွေးအခေါ်ကို “New Tech New Light” ခေါင်းစဉ်ဖြင့် ရေးဆွဲစေခဲ့သဖြင့် မြန်မာနိုင်ငံမှ ကျောင်းသား/သူ (၁၃)ဦးမှ ပန်းချီကား (၁၃)ကား ရေးဆွဲပေးပို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်ပါသည်။
ပန်းချီပြိုင်ပွဲကို အသက် (၄ နှစ် မှ ၆ နှစ်)၊ အသက် (၇ နှစ်မှ ၁၂ နှစ်)၊ အသက် (၁၃ နှစ်မှ ၁၈ နှစ်အထိ) အတန်း(၃)ခုခွဲ၍ ကျင်းပခဲ့ရာ တရုတ်ပြည်တွင်းနှင့် နိုင်ငံတကာမှ ကျောင်းသား/ ကျောင်းသူများက ရေးဆွဲပေးပို့ခဲ့ပြီး မြန်မာကျောင်းသူကျောင်းသား(၁၃)ဦးမှ အတန်း(၂)တန်း တွင် ပါဝင်ပေးပို့ယှဉ်ပြိုင်ခဲ့ရာ ပထမဆု (၁)ဆု၊ ဒုတိယဆု (၁)ဆုနှင့် တတိယဆု (၃)ဆု ဆွတ်ခူးရရှိခဲ့ပါသည်။
ပေကျင်းမြို့တွင် ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၃)ရက်နေ့က ကျင်းပသည့် International Youth Painting Invitational Exhibition, Awarding and Opening Ceremonies အခမ်းအနားဆုပေးပွဲတွင် တရုတ်ပြည်တွင်းရှိ ကျောင်းသား/သူများနှင့် နိုင်ငံတကာမှ ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်ခဲ့သည့် ပန်းချီကားများအား ပြခန်းဖြင့် ခန့်ငြားစွာ ပြသခဲ့ကြပါသည်။