အသင်းအကြောင်း

သမိုင်းအကျဉ်း

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ရှိ နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးနှင့် ပြည်သူ့အကျိုးပြု လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)ကို ၂၀၁၃ခုနှစ်၊ မေလ (၃၀) ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပါသည်။ အသင်းစတင်ဖွဲ့စည်းချိန်တွင် အသင်းဥက္ကဌ ဦးစိန်ဝင်းအောင် ဦးဆောင်၍ အလုပ်အမှုဆောင်(၁၉)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး (၁၈-၁၁-၂၀၂၃) ရက်နေ့မှစတင်၍ ဥက္ကဌဦးတင်ဦးမှ ဦးဆောင်လျက်ရှိပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်သမ္မတရုံး၏ (၁၉-၄-၂၀၂၃) ရက်စွဲပါ စာအမှတ်၊ (၅၀၆(၁၄၄)/၁၂/သမ္မတရုံး) အရ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့၏ ပြည်တွင်းအသင်းအဖွဲ့မှတ်ပုံတင် လက်မှတ်အမှတ်၊ ၁/ပြည်တွင်း/၀၅၂၂ကို (၁၈-၉-၂၀၁၇)ရက်နေ့တွင် လည်းကောင်း၊ဒုတိယအကြိမ် ပြည်တွင်းအသင်း အဖွဲ့ မှတ်ပုံတင်လက်မှတ်အမှတ်၊ ၁/ပြည်တွင်း/၀၀၅၃(၂၀၂၂)ကို (၂၅-၄-၂၀၂၄) ရက်နေ့တွင် လည်းကောင်း ရရှိထားပြီးဖြစ်ပါသည်။

          မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းတွင် အငြိမ်းစားသံအမတ်ကြီးများ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးများ၊ အငြိမ်းစားအရာရှိကြီးများ၊ အသိအတတ်ပညာရှင်များ၊ လူငယ်စီးပွားရေး စွမ်းဆောင်ရှင်များ၊ မြန်မာ-တရုတ်ချစ်ကြည်ရေးသမိုင်းကြောင်းကို လေ့လာသိရှိခဲ့ကြသော ပညာတတ် လူငယ်များ  ပါဝင်ကြပါသည်။ အသင်း၏ အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း ဆပ်ကော်မတီ၊  လျှပ်စစ်နှင့်လုံခြုံရေးလုပ်ငန်း ဆပ်ကော်မတီ၊ ကျန်းမာရေးလုပ်ငန်းဆက်ကော်မတီ၊ ဘာသာရေးနှင့်ယဉ်ကျေးမှုလုပ်ငန်း ဆပ်ကော်မတီ၊ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းဆပ်ကော်မတီ၊  စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း ဆပ်ကော်မတီ၊ ပညာရေးနှင့်အားကစားလုပ်ငန်း ဆပ်ကော်မတီ၊ သိပ္ပံနှင့်နည်းပညာလုပ်ငန်း ဆပ်ကော်မတီနှင့် ခရီးသွားလုပ်ငန်းဆပ်ကော်မတီ၊ ပြည်ပဆက်ဆံရေးနှင့်စက်မှုကော်မတီတို့ဖြင့် ဖြန့်ခွဲဖွဲ့စည်း ထားသော ဆပ်ကော်မတီ အသီးသီးတွင်ပါဝင်ကာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် လူမှုရေး အကူအညီပေးမှုလုပ်ငန်းများကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။

           မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)သည် ချစ်ကြည်ရေးနှင့် လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်မှာပင် အသင်းအင်အား တောင့်တင်းခိုင်မာရေးနှင့် ချစ်ကြည်ရေး လုပ်ငန်းများ ထိရောက်စွာ ဖြန့်ခွဲဆောင်ရွက်နိုင်ရန် နယ်မြေဒေသအလိုက် အသင်းခွဲများ ထပ်မံဖွဲ့စည်းခဲ့ရာ ယခုအခါ အောက်ပါအသင်းခွဲများကို ထပ်မံတိုးချဲ့ဖွဲ့စည်း ထားခဲ့ပြီးဖြစ်ပါသည်-

(က)    မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မန္တလေးရုံးခွဲ                     (၁၀- ၈-၂၀၁၃)

(ခ)     မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)လားရှိုးရုံးခွဲ                     (၃၀- ၉-၂၀၁၄)

(ဂ)     မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မော်လမြိုင်ရုံးခွဲ            (၂၁- ၁-၂၀၁၇)

(ဃ)    မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)တောင်ကြီးရုံးခွဲ            (  ၆- ၃-၂၀၁၇)

(င)     မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မူဆယ်ရုံးခွဲ                     ( ၁-၁၀-၂၀၁၇)

(စ)     မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)ကချင်ရုံးခွဲ                     (၁၁- ၂-၂၀၂၀)

          မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)သည် အသင်းစတင်ဖွဲ့စည်းပြီးသည်မှစ၍ မြန်မာ-တရုတ်နှစ်နိုင်ငံအတွက် လူမှုရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အစဉ်တစိုက် ဆောင်ရွက်ခဲ့ရာ လူ့စွမ်းအားအရင်းမြစ်များ တိုးပွားရေး၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့် စီးပွားရေးကဏ္ဍများတွင်လည်း ကူညီပံ့ပိုးမှုများ‌ ဆောင်ရွက်ခဲ့သည့်အပြင် နှစ်နိင်ငံအကြား ဖြစ်ပေါ်ခဲ့သော သဘာဝဘေးအန္တရာယ် ကျရောက်မှု များအတွက် လူသားချင်းစာနာ ထောက်ထားမှုအရ လူမှုကူညီကယ်ဆယ်ရေးများ အပြန်အလှန် ဆောင်ရွက်လျက်ရှိပါသည်။

          ပညာရေးကဏ္ဍတွင် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအတွင်းရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်ပနိုင်ငံများနှင့် ချစ်ကြည်ရေးအသင်း (The Chinese People’s Association for Friendship with Foreign Countries (CPAFFC)၊ The Beijing People’s Association for Friendship with Foreign Countries (BPAFFC)၊ The Shanghai People’s Association for Friendship with Foreign Countries (SPAFFC) ၊ The  Sichuan Province People’s Association for Friendship with Foreign Countries (SCPAFFC)၊ The Hyinum People’s Association for Friendship with Foreign Countries (HPAFFC) တို့နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံမှ ကျောင်းသား/ကျောင်းသူများအား စကောလားရှစ်ဖြင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံရှိ အသက်မွေးဝမ်းကြောင်းကောလိပ်နှင့် တက္ကသိုလ်များတွင် အသက်မွေးဝမ်းကြောင်း ပညာရပ်များ ဖြစ်သည့် စက်မှု၊ လက်မှုပညာ၊ ဆေးဝါး၊ စိုက်ပျိုးမွေးမြူရေး၊ ဟိုတယ်နှင့် ကုန်ထုတ်ပညာရပ်များနှင့် အခြားဘာသာရပ်များ ပညာသင်ယူရန်(၃)နှစ် သင်တန်းစေလွှတ်ခြင်းအား ၂၀၁၆ခုနှစ်မှ နှစ်စဉ်စေလွှတ်ခဲ့ရာ ယခုအချိန်ထိ (၂၇၈)ဦး စေလွှတ်ခဲ့ပြီးဖြစ်ပါသည်။ ၎င်းအပြင် တရုတ်နိုင်ငံရှိ တက္ကသိုလ်ကျောင်းများတွင် ဖွင့်လှစ်သင်ကြားပေးသော မဟာဘွဲ့သင်တန်းနှင့် ဘွဲ့လွန်သင်တန်းများ သို့လည်း (၂၂)ဦးအခမဲ့ စေလွှတ်သင်ကြားပေးခဲ့ပြီးဖြစ်ပါသည်။

          ပြည်တွင်၌လည်း ပညာရည်ထူးချွန်ပြီး ဆက်လက်ပညာသင်ကြားရန် အခက်အခဲဖြစ်နေသော ပြည်နယ်နှင့်တိုင်းအသီးသီးမှ အခြေခံပညာအဆင့် အောင်မြင်ပြီးသူ (၁၀)ဦးအား နှစ်စဉ်ကျပ် (၅)သိန်းစီ ဘွဲ့ရရှိသည်အထိ ထောက်ပံ့ပေးလျက်ရှိရာ  ယနေ့အထိ (၆၄၂)ဦးအား   ထောက်ပံ့ပေး နိုင်ခဲ့ပါသည်။                                                                                                                      

          မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)သည် မြန်မာနိုင်ငံမှ ကျောင်းသား/ကျောင်းသူများ ကိုလည်း အရည်အချင်းပြည့်ဝသော အနာဂတ်ခေါင်းဆောင်များ ပေါ်ထွက်လာရေးအတွက် ရည်ရွယ်၍ တရုတ်နှင့်အာဆီယံနိုင်ငံများမှ လူငယ်များအချင်းချင်းတွေ့ဆုံ၍ ယဉ်ကျေးမှုများ၊ အတွေ့အကြုံများ ဖလှယ်နိုင်ရေး၊ ဆွေးနွေးပွဲများ အခမ်းအနားကြီးများအား လေ့လာ တက်ရောက်နိုင်ရေး၊ ပါဝင်ဆွေးနွေးသည့် အတွေ့အကြုံများရရှိရေး၊ ချစ်ကြည်ရင်းနှီးမှု တိုးပွားစေရေး၊ နိုင်ငံတော်၏ နောင်အနာဂတ် နိုင်ငံခေါင်းဆောင်များအချင်းချင်း ချစ်ကြည်ရင်းနှီး ကျွမ်းဝင်မှုရှိနေစေရေးများအတွက်    တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ   ဦးဆောင် ကြီးမှူးကျင်းပ ပြုလုပ်သော ASEAN-China Cultural Festival Beijing သို့လည်းကောင်း၊  Shanghai International Youth Interactive Friendship Camp သို့လည်းကောင်း၊ ASEAN-China Young Leader Exchange Festival သို့လည်းကောင်း ကျောင်းသား/ကျောင်းသူများနှင့် မြန်မာစီးပွားရေး လုပ်ငန်းရှင်လူငယ်များ ဖွဲ့စည်းစေလွှတ်လျက်ရှိရာ ယနေ့အထိ(၁၅၅)ဦး စေလွှတ်ခဲ့ပြီးဖြစ်ပါသည်။

          မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းမှ နာယကများ၊ ဥက္ကဌ၊ ဒုဥက္ကဌများနှင့် အလုပ်အမှုဆောင် များအနေဖြင့်လည်း တရုတ်နိုင်ငံနှင့် ချစ်ကြည်ရေးအသင်း ထူထောင်ထားကြသည့် ထိုင်း၊ လာအို၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ စင်္ကာပူ၊ ဖိလစ်ပိုင် စသည့် အဖွဲ့အစည်းများနှင့်လည်း ဆက်သွယ်ဆောင်ရွက်ချက်ရှိပြီး (၂)နှစ်လျှင်တစ်ကြိမ် အဖွဲ့ဝင်နိုင်ငံ များတွင် ကျင်းပလေ့ရှိသည့် CHINA-ASEAN Conference On People to People Friendship Organization (P to P) အခမ်းအနားများကိုလည်း တက်ရောက်ခဲ့ပါသည်။ အလားတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ချစ်ကြည်ရေးပွဲများ၊ ယဉ်ကျေးမှုဆိုင်ရာပွဲများ၊ ကုန်စည်ပြပွဲများ၊ ရာသီအလိုက် ကျင်းပသောပွဲများသို့ ကိုယ်စားလှယ်များစေလွှတ် တက်ရောက် လျက်ရှိပါသည်။

          မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)သည် ပြည်နယ်နှင့်တိုင်း အသီးသီးတွင် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက် ပေးလျက်ရှိသည့်အပြင် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အကူအညီပေးရေး လုပ်ငန်းများအနေဖြင့် ကျောက်ဖြူ-ကူမင်း ရေနံ/ဓါတ်ငွေ့ပိုက်လိုင်း တစ်လျောက်မြို့နယ်များမှ စာသင်ကျောင်း၊ ဆေးရုံ/ဆေးခန်း၊ လမ်းတံတားများ တည်ဆောက် ပေးခြင်း၊ အသစ်ဆောက်လုပ်ပေးခြင်းနှင့် ပြုပြင်ပေးခြင်း သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး စသည့် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ ၎င်းအပြင် အသင်းသူ/အသင်းသားများမှ စုပေါင်း၍လည်းကောင်း၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍လည်းကောင်း၊ ပရဟိတလူငယ်ကျောင်းများ၊ မိဘမဲ့‌ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ စာသင်တိုက်များ၊ ဆေးရုံများသို့လည်း အသုံးအဆောင် ပစ္စည်းများ၊ ဆေးဝါးများ၊ ရန်ပုံငွေများ အကြာခဏလှူဒါန်းမှုများ ပြုလုပ်လျက်ရှိပါသည်။

          နောင်လာမည့်အနာဂတ်တွင် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တရုတ်ပြည်သူ့ပြည်ပနိုင်ငံများနှင့် ချစ်ကြည်ရေးအသင်းများနှင့် လက်တွဲပူးပေါင်းလျက် ချစ်ကြည်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက် သွားမည်ပြီး  နှစ်နိုင်ငံအကြား တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာရေး၊ အပြန်အလှန်ကူးလူး ဆက်ဆံမှုများ တိုးတက်လာရေးနှင့် ချစ်ကြည်ရင်းနှီးမှု ခိုင်မြဲလာစေရေးတို့ကို လုပ်ဆောင်သွားမည်ဖြစ်ရာ နှစ်နိုင်ငံပြည်သူများအကြား နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုရရှိကာ ချစ်ကြည်ရင်းနှီးမှုကို လည်း မျိုးဆက်သစ်များသို့ ဆက်လက်လက်ကမ်းပေးသွားနိုင်ရန် သန္ဒိဌာန်ချမှတ်ထားပြီးဖြစ်ပါသည်။

 

ရည်ရွယ်ချက်

          မြန်မာ – တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)၏ ရည်ရွယ်ချက်မှာ မြန်မာ-တရုတ်နှစ်နိင်ငံ ပြည်သူအချင်းချင်း ယုံကြည်နားလည်မှု အပြည့်အဝဖြင့် ချစ်ကြည်ရင်းနှီးမှုကို ခိုင်မာသည်ထက် ခိုင်မာအောင် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ တိုးမြှင့်ဆောင်ရွက်သွားရန်နှင့် မြန်မာ-တရုတ်နှစ်နိုင်ငံ ပြည်သူအချင်းချင်းအကြား ဘက်ပေါင်းစုံ မဟာဗျူဟာဆက်ဆံရေးမှသည် နှစ်နိုင်ငံအစိုးရ အချင်းချင်း၏ ဆက်ဆံရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရန်။