မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းနှင့် တရုတ်ကယ်ဆယ်ရေးအသင်းတို့ ပူးပေါင်းကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

၁။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Ms. Chen Suzhen ဦးဆောင်သောအဖွဲ့ဝင် ၂၃ ဦးပါ Xiamen Blue Sky Rescue Team အဖွဲ့သည် မတ်လ ၃၀ ရက်နေ့တွင် ဘန်ကောက်မှတဆင့် ရန်ကုန်လေဆိပ်သို့ ညနေပိုင်း ရောက်ရှိခဲ့ရာ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဌ ဦးတင်ဦး နှင့် ဒုတိယဥက္ကဌများမှ ကြိုဆိုကာ ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီ ဆောင်ရွက်နိုင်ရေး မန္တလေးမြို့ တာဝန်ရှိသူများနှင့် ဆက်သွယ်ညှိနှိုင်း စီစဉ်ပေးခြင်းနှင့် လိုအပ်သည့် ကူညီ ပံ့ပိုးမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။
၂။ Blue Sky အဖွဲ့သည် မတ်လ ၃၁ ရက်နေ့တွင် မြန်မာ့လေကြောင်း ရန်ကုန်မှ မန္တလေးသို့ စင်းလုံးငှါး လေယာဉ်ဖြင့် ဆက်လက်ထွက်ခွါခဲ့ရာ တာဝန်ရှိသူများမှ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်း(ဗဟို) ဒုတိယဥက္ကဌ၊ မူဆယ်ရုံးခွဲ ဥက္ကဌ ဦးခင်ဦး(ခ)ဦးရှင်ဖူး ၊ မန္တလေးရုံးခွဲ နှင့် ယူနန်ဘုံကျောင်းအဖွဲ့ တို့မှ ကြိုဆိုခြင်း၊ အုပ်ချုပ်မှုကိစ္စများ၊ တည်းခိုနေထိုင်စားသောက်ရေးများ စီစဉ်ပေးခြင်းနှင့် ကူညီကယ်ဆယ်ရေးအတွက် ညှိနှိုင်း ဆောင်ရွက်ခဲ့ကြပါသည်။
၃။ Ms. Chen Suzhen ဦးဆောင်သော Blue Sky အဖွဲ့သည် ဒေသခံပရဟိတအဖွဲ့များ၊ အခြားကယ်ဆယ် ရေးအဖွဲ့များ၊ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ မတ်လ ၃၁ မှ အေပြီလ ၅ ရက်နေ့အထိ မန္တလေးနှင့် စစ်ကိုင်းမြို့များတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြရာ အေပြီလ ၁ ရက်နေ့တွင် ပြိုကျအဆောက်အဦ ရှင်းလင်း ဖယ်ရှားခြင်းနှင့် ရုပ်အလောင်းများ ဆယ်ယူ ပေးနိုင်မှု ကျား ၈ ဦး မ ၇ ဦး၊ အေပြီလ ၂ ရက်နေ့ ကျား ၄ ဦး မ ၅ ဦး၊ အေပြီလ ၃ ရက်နေ့ ကျား ၁ ဦး မ ၅ ဦး၊ အေပြီလ ၄ ရက် ၅ ရက်နေ့တို့တွင် ရှင်းလင်းခြင်း ဆောင်ရွက်နိုင်ခဲ့ရာ စုစုပေါင်း ရုပ်အလောင်း ကျား ၁၃ ဦး မ ၁၇ ဦးကို ဆယ်ယူပေးနိုင်ခဲ့ပါ သည်။
၄။ Ms. Chen Suzhen ဦးဆောင်သောအဖွဲ့သည် ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံး၍ အေပြီလ ၆ ရက်နေ့တွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး အေပြီလ ၇ ရက်နေ့ နေ့လည်တွင် မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်း(ဗဟို) ရုံးတွင် အသင်း ဥက္ကဌ ဦးတင်ဦး နှင့် အဖွဲ့က ဘိတ်ကြားတွေ့ဆုံ နှုတ်ဆက်ခဲ့ပြီး အသင်းဥက္ကဌမှ အထူးကျေးဇူးတင် စကားပြောကြား ဂုဏ်ပြု မှတ်တမ်းလွှာနှင့် အဖွဲ့ဝင်များအတွက် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။
၅။ ဆက်လက်၍ ချစ်ကြည်ရေးအသင်းက Blue Sky အဖွဲ့အား ရွှေတိဂုံစေတီတော်ကြီးသို့ ပို့ဆောင် သွားရောက် ဖူးမျှော်ခဲ့ကြပြီး ငလျင်ဘေးသင့် သေဆုံးသူများအတွက် ဆုတောင်းပေးခဲ့ကြကြောင်း သိရှိရပါသည်။