မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဌဦးတင်ဦး နှင့်အဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ် Ms. Gao Ping နှင့် တွေ့ဆုံ

၁။မန္တလေးမြို့သို့ရောက်ရှိနေသော မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဌ ဦးတင်ဦး နှင့်အဖွဲ့သည် ၂၀၂၄ အောက်တိုဘာလ(၂)ရက် (၁၁၀၀) ချိန်တွင်၊ မန္တလေးမြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးတွင် ကောင်စစ်ဝန်ချုပ် Ms. Gao Ping နှင့် တွေ့ဆုံ ခဲ့ပါသည်။

၂။ကောင်စစ်ဝန်ချုပ်မှ မိမိအနေဖြင့် ကနေဒါ၊ ပြင်သစ်စသည့် အနောက်နိုင်ငံများတွင်သာ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ယခုမှ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်ရောက်ရှိ တာဝန်ထမ်းဆောင်ရခြင်း ဖြစ်သဖြင့် ဝါရင့်သံတမန်တစ်ဦးလည်းဖြစ်၊ မြန်မာ-တရုတ်ချစ်ကြည်ရေးကို ရင်းနှီးကျွမ်းဝင်၊ ထဲထဲဝင်ဝင် လုပ်ဆောင်တာဝန်ယူနေသူ၊ ချစ်ကြည်ရေးကို မြှင့်တင်ဆောင်ရွက်ပေးနေသူ ဥက္ကဌနှင့် ယခုလိုတွေ့ဆုံခွင့်ရ၍ များစွာဝမ်းမြောက်ပါကြောင်း အစစအရာရာ ဝိုင်းဝန်းအကြံပြု ဆောင်ရွက် ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

၃။ဥက္ကဌ ဦးတင်ဦးမှ မိမိအနေဖြင့် သံအမတ်ကြီးအဖြစ် နိုင်ငံပေါင်း(၅)နိုင်ငံတွင် (၁၃)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ယူစဉ်ကပင် နာယကအဖြစ် ပါဝင်တည်ထောင်ခဲ့သော မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းကြီးသည် သက်တမ်း(၁၄)နှစ်ခန့်ရှိပြီဖြစ်ပြီး တာဝန်များမှ အငြိမ်းစားယူပြီး ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည့် (၁)နှစ်အတွင်း တရုတ်ပြည် ပေကျင်း၊ ကူမင်းသို့ (၇)ခေါက်ရောက်ရှိပြီး၊ ချစ်ကြည်ရေးဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မကြာမီရက်ပိုင်းအတွင်း ပေကျင်းတွင်  CPAFFC ၏ နှစ်(၇၀)ပြည့်အခမ်းအနားနှင့် ဗုဒ္ဓညီလာခံသို့ တက်ရောက်ရန်ရှိပါကြောင်း၊ မိမိအနေဖြင့် မြန်မာ-တရုတ်ချစ်ကြည်ရေးဆက်ဆံရေးတို့ တိုးမြင့်တိုးတက်နိုင်ရေး လိုအပ်တာ  ဝိုင်းကူဆောင်ရွက်ပေးရန် ဆုံးဖြတ်ထားပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

၄။ကောင်စစ်ဝန်ချုပ်မှ ဥက္ကကြီးအနေဖြင့် ရောက်ရှိလာသော တရုတ်သံအမတ်ကြီးများ၊ ကောင်စစဝန်ချုပ်များနှင့် အထူးရင်းနှီးသော ဆက်ဆံရေးများ၊ ခင်မင်မှုများရှိကြောင်း ကြားသိထား ရ၍ မိမိအနေဖြင့်လည်း မိတ်ဆွေရင်းအဖြစ်သတ်မှတ်၊ နောင်အခါခွင့်သင့်လျှင်လည်း ထပ်မံ လာရောက်ရန် ဖိတ်ခေါ်ပါကြောင်း၊ ရှေးဟောင်းအမွေနှစ်များရှိရာ မန္တလေးသို့ရောက်ရှိ တာဝန် ထမ်းဆောင်ရ၍  အထူးဝမ်းမြောက်ပါကြောင်း၊ တရုတ်လုပ်ငန်းရှင်များမှ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်ရှိပါကြောင်း၊ ၂၀၂၅ တွင် မြန်မာ-တရုတ်ဆက်ဆံရေး (၇၅)နှစ်ပြည့်ပြီဖြစ်၍ ချစ်ကြည်ရေးတိုးမြှင့်ရန် ကျိုးစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တရုတ်ခရီးသွား တိုးတက်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

၅။ကောင်စစ်ဝန်ချုပ်မှ ဥက္ကဌ ဦးတင်ဦးနှင့် အဖွဲ့အား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ဥက္ကဌမှ ကောင်စစ်ဝန်ချုပ်ကို အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်၊ စုပေါင်းမှတ်တမ်းတင်ခဲ့ပြီး တွေ့ဆုံမှုသည် (၁၃၀၀)ချိန် ပြီးဆုံးခဲ့ပါသည်။