မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဌ ဦးတင်ဦးနှင့် နာယက၊ ဒုဥက္ကဌများ၊ အမှုဆောင်များပါဝင်သောအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး သံအမတ်ကြီး H.E Ms. Ma Jia နှင့် သံမှူးကြီးများ၊ အရာရှိများပါဝင်သော မိသားစုများသည် ရန်ကုန်မြို့ Pan Paciffic Hotel, Long Jing ခန်းမ၌ ဒီဇင်ဘာ (၁၃)ရက်နေ့၊ ညနေ(၆)နာရီအချိန် ခင်မင်ရင်းနှီးစွာ တွေ့ဆုံကြ၍ နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ ကဏ္ဍပေါင်းစုံ တိုးမြှင့်ပူးပေါင်း ဆောင်ရွက်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။
မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းဥက္ကဌမှ၊ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ခဲ့ရာ (၇၅)နှစ် ပြည့်မြောက်တော့မည်ဖြစ်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ လွတ်လပ်ရေးရချိန်တွင် မြန်မာနိုင်ငံက အစောဆုံးအသိအမှတ်ပြုအလေးထားခဲ့ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကလည်း၊ မြန်မာနိုင်ငံနှင့်ပတ်သက်၍၊ အစဉ်တစိုက် ကမ္ဘာ့အလယ်တွင် ထောက်ခံရပ်တည် ပေးခဲ့ သော သမိုင်းမှတ်တိုင်များ ရှိပါကြောင်း၊ အိမ်နီးချင်းကောင်းများ၊ မိတ်ဆွေကောင်းများအဖြစ် နှစ်နိုင်ငံ ခံယူရပ်တည်ချက်များကို ဆက်လက်ထိန်းသိမ်းကြရန်နှင့် ပယောဂများကို ဆွေမျိုးပေါက်ဖော်များ ပီသစွာ လက်တွဲရင်ဆိုင် ကျော်လွှားသွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ မကြာခင်က တရုတ်ပြည် အလုပ်သဘော ချစ်ကြည်ရေးခရီးစဉ်တွင်၊ အဆွေတော်သံအမတ်ကြီးလည်း ခရီးစဉ်တစ်လျှောက် လိုက်ပါဖြည့်ဆည်းခဲ့မှုများ တရုတ်အစိုးရ၏ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုစီစဉ် ပေးမှုများ ဒေသခံအာဏာပိုင်များ၏တက်ကြွသော ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ချစ််ကြည်ရေး အသင်း ရှုဒေါင့်မှ အထူးပင်ကျေနပ်အားရရှိပါကြောင်း၊ မိမိတို့အသင်းအနေဖြင့်လည်း၊ ချစ်ကြည်ရေး အသင်းကြီး ပိုမိုခိုင်မာတိုးတက်အောင် အင်အားတိုးချဲ့ ဖွဲ့စည်းပြင်ဆင်လျက် ပြည်သူချင်းချစ်ကြည်ရေး၊ ယုံကြည်နားလည်မှု၊ ဆွေမျိုးပေါက်ဖော်စိတ်များ ပိုမိုရှင်သန်ရေးအတွက် ကျိုးပမ်းလျက်ရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲကလည်း အားပေးလမ်းညွှန်မှုများရှိပါကြောင်း၊ စသဖြင့် ဆွေးနွေးခဲ့ပါသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးကလည်း နှစ်နိုင်ငံချစ်ကြည်ရေး ကိစ္စရပ်များကို အထူးအလေးထားကြောင်း၊ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစားကဏ္ဍများနှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စများကိုပါ အတတ်နိုင်ဆုံး ကျိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့် ပညာရေး၊ အားကစားဆိုင်ရာ လိုအပ်ချက်များကိုလည်း စီမံဖြည့်ဆည်းလျက်ရှိပါကြောင်း၊ နိုင်ငံတော် အကြီးအကဲခရီးစဉ်သည် အထူးအောင်မြင်ပြီး နှစ်ပြည်ထောင်ပူးပေါင်းဆောင်ရွက်ရေး၊ ချစ်ကြည်ရေး ကိစ္စများကို၊ ၎င်းတာဝန်ထမ်းဆောင်ချိန်တွင် စတင်အကောင်အထည်ဖော်နိုင်သည့်နေရာမှ စတင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံတော်ကြီး အမြန်ဆုံးတည်ငြိမ် အေးချမ်း စေလိုသော တရုတ်အစိုးရ၏ စိတ်ရင်းစေတနာအတိုင်း၊ အကောင်းဆုံး ဆက်လက်ကျိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း စသဖြင့် ပြန်လည်ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ အပြန်အလှန်လက်ဆောင်များပေးအပ်ခြင်း၊ သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅)နှစ်မြောက်အား ကြိုဆိုသောအားဖြင့် မြန်မာ-တရုတ်ချစ်ကြည်ရေး အဓွန့်ရှည် ခိုင်မြဲတည်တံ့ ပါစေကြောင်း ပြိုင်တူဆုတောင်းခြင်းများ ပြုလုပ်ကြ၍ ညစာစားပွဲအား ချစ်ကြည်ရင်းနှီးစွာ ကျင်းပခဲ့ပါသည်။